ဝါဖန့်ဖန့် တပေါင်း Intro

အိပ်ချင်မူးတူး ဥသြငှက်သံလေးက မပီချင့် ပီချင်
တမာနံ့လေးက မပြိုက်တပြိုက်
သရက်ကင်းနံ့လေးက မကြူ့တကြူ
လေအဝှေ့မှာ လက်ပံပွင့်လေးတွေက ရဲကနဲ ရဲကနဲ ၀ဲဝဲပြီးကျ
သက်ပြင်းများတောင် ချမိပါရဲ့
သာယာလွန်းလှပါလား ၀ါဖန့်ဖန့် အိုတပေါင်းရယ် ...

Rachel Tin
Feb 2011

ယွန်းပေါ့သည်ဆောင်း

အေးမြခြင်းရာသီပိတ်ကားတစ်ချပ်ကို သိမ်းဆည်းပြီး
မြောက်လေရူးတို့ တပ်ခေါက်ချေပြီ

တောင်လေတစ်ချက် ဖြူးတိုင်း ဖြူးတိုင်း 
ခပ်ရော်ရော်သစ်ရွက်တွေရဲ့ နောက်ဆုံးထွက်သက်ဟာလည်း ဖြုတ်ကနဲ ဖြုတ်ကနဲ
နဖူးထက်မှာ စို့လာတဲ့ ချွေးစလေးတွေကလည်း အေးကနဲ အေးကနဲ
ဟိုးအဝေးက ပုလွေသံလေးကလည်း ဆွေးကနဲ ဆွေးကနဲ
နေ့လည်စာစားပြီးစ မျက်လုံးကလည်း မှေးကနဲ မှေးကနဲ

 မလုံ့မလဲ ခြုံလွှာကိုလည်း ဆရာဖေဟစ်သလို ဟစ်ဖို့မလိုတော့။
သစ်လွင်တဲ့အ၀တ်တွေနဲ့ အဝေးက မြင်နေရတာက သင်္ကြန်ဝိဥာဉ် ...
အိပ်မက်လား .. တကယ်လား
မင်းကို လွမ်းရမှာလား ပိတောက်ကိုကြိုရမှာလား ယွန်းတဲ့ဆောင်းရယ် ...

Rachel Tin
Feb 2011