ကာရံမဲ့ ပိတောက် Diary
မနိုးစဖူး
စောစောကြီးနိုး လို့
မျက်လွှာတစ်စုံကို ပင့်တင်ပေးလိုက်သော ဘွားဘွားလက်ထဲက ပိတောက်ပန်းနံ့ချိုအီအီ စူးစူး
ထ တော့ မြေးလေး .. ထ တော့
မနှောင်းစဖူး
သင်္ကြန်နှောင်းခါမှပွင့်ကုန်ကြတဲ့ လား လား .. ပင်လုံးကျွတ် ပိတောက်ပန်းများ
ရွက်စိမ်းများတောင် ပုန်းလျှိုးကွယ်လျှိုး မျက်မှာငယ်ကြရှာပေါ့
ဝါရွှေရွှေ မြင်ကွင်း ၀င်းကနဲ တိုးလိုက်ကာမှ
မသဲစဖူး
အငုံအဖူးကုန်စင်အောင် ပွင့်ကာမှ သဲလိုက်ချေပေါ့
တယ် .. ငါလေ .. ပွဲဖျက်တဲ့မိုး
ပိတောက်ကို ချွေတဲ့မိုး
ကင်မရာ မှန်ပြင်တောင် ရေစက်တွေရွှဲရွှဲစိုချေပေါ့
မသာစဖူး
နေလုံးကြီးက မိုးသဲချိန် ထိန်ထိန်သာလိုက်ပြန်ပေါ့
ပျော်သည်ပေါ့ ပျော်သည်ပေါ့
အိမ်ပြင်ကို တဖန်ထွက်ခဲ့ရပြန်တော့
လား လား .. မိုးရွာပြီးစ နေရောင်မဖျ တဖျမှာ
ဆရာဇော်ဂျီပြောသလို
ဇမ္ဗော်ရည်ပြေပြေလိမ်းထားတဲ့ ရွှေသားအတိပါတကား
သေပျော်လုခမန်း ခမ်းနားတဲ့ မြင်ကွင်း
မကြုံစဖူး
ထူးခြားမှုတစ်ခုကို ခံစားရပြန်ပေါ့
ကာရံမရှိ ခေါင်းစဉ်မဲ့ ခံစားမှု
ပိတောက်ပန်းမြင်တိုင်း၊ ပိတောက်နံ့ရတိုင်း ဖြစ်တဲ့ခံစားမှု
ပိတောက်ချစ်သူအားလုံး ကိုယ်ချင်းစာတတ်လိမ့်မည်ထင့်
မမေ့စဖူး
မေ့နေချေပေါ့
ဒီနေ့လွန်ရင် ရုံးတော်ပြန်ရတော့မှာပါလား
အိမ်နဲ့ ခွဲရပြန်ဦးတော့မှာပါလား
ရင်ထဲမှာ တစ်ခုခု ဖုရပြန်ပေါ့
ပိတောက်ပန်းတွေလည်း ကြည့်ချင်ဘု
ဆရာဇော်ဂျီကဗျာလည်း မကယ်နိုင်ဘု
ဒီရင်ထဲက အဖု ဘယ်သို့ဘယ်ပုံဖြေရပါ့
ဒီနေ့ ၂၃ ရက် ၄ လ ၂၀၁၁ ...
... မနိုးစဖူး စောစောကြီး နိုးခဲ့တယ်
... မနှောင်းစဖူး နှောင်းပြီး ပိတောက်ပန်းတွေ ပင်လုံးကျွတ်ပွင့်ခဲ့တယ်
... မသဲစဖူး ပန်းတွေပွင့်ပြီးမှ မိုးတွေ သဲခဲ့တယ်
... မသာစဖူး မိုးသဲတုန်းနေသာခဲ့တယ်
... မကြုံစဖူး ပိတောက်ရူးရောဂါနဲ့ ကြုံခဲ့ရတယ်
ဒီမနက်မြင်ကွင်းက
... မမေ့စဖူး "ခပ်ဝေးဝေးကရုံးတော် တောင်ပေါ်မြို့လေး" သို့ ပြန်ရမှာ မေ့နေခဲ့တယ်
ကဲ မနိုးဖူး - မနှောင်းဖူး - မသဲဖူး - မသာဖူး - မကြုံဖူး တာတွေ အသာထားပြီး
နှစ်တိုင်း ရဖူးနေကြလက်ဆောင်လေးတစ်ခုအကြောင်း ကြွားလိုက်ချင်ပါရဲ့
ပိတောက်ပန်းနံ့ .. ပိတောက်ပန်းခက်
ဘွားဘွားခူးခူးလာပေးတဲ့ အိမ်ရှေ့က ပိတောက်ပန်းတစ်ခက်
နှစ်တိုင်း နှစ်တိုင်းရဲ့
မနက်တစ်ခုခုမှာ
အပျင်းကြီးတဲ့ မြေးကလေးအတွက် ...
Rachel Tin
April 23, 2011