အရင်က လို
အရင်ကလို
ခြေရင်းက မခေါက်ရသေးတဲ့ အ၀တ်ပုံကြီးက ငါ့အာရုံတွေကို မရှုပ်ထွေးစေသလို
အဖြူရောင်စက္ကူတစ်ချပ်ကလည်း ကဗျာတွေဖြစ်မလာတော့ဘူး
အရင်ကလို
ဒေါသတွေယိုစီးတိုင်း မျက်နှာပြင် နီမြန်းမလာတော့သလို
ငိုနေတိုင်းလည်း မျက်ရည်မကျတော့ဘူး
အရင်ကလို
Metal တွေနားထောင်တိုင်း ခွန်အားတွေ ဖြစ်မလာတော့သလို
ဟိုက္ကူကဗျာတွေကလည်း အိပ်ရာဝင် ချော့မသိပ်တော့ဘူး
အရင်ကလို
စာတိုပေစ တွေ ဘာသာမပြန်တတ်တော့သလို
နှလုံးသားကို လေတိုးတိုင်း စည်းချက်ချော်မသွားတော့ဘူး
အရင်ကလို
ရောမစစ်ပွဲတွေကို ပုံဖော်မှန်းဆရင်း စိတ်ကူးမယဉ်တတ်တော့သလို
ကုလားအုပ်တွေစီးပြီး ပိရမစ်တွေဆီ မသွားချင်တော့ဘူး
အရင်ကလို
ဖေဖေပြောတဲ့ ရုရှားပုံပြင်တွေကို နားထောင်ပြီး အလုပ်သမားတွေရဲ့ ချွေးနံ့တွေကိုမရတော့သလို
ကော့ညက်နဲ့ ဗော့ဒ်ကာကိုလည်း အသားကင်ထဲမှာ မထည့်ချင်တော့ဘူး
အရင်ကလို
ရွှေပုံးကြီးထဲက မဲလိပ်အရေအတွက်ကို စိတ်မ၀င်စားတော့သလို
မိုးပေါ်ထောင်ပစ်တဲ့ သေနတ်သံကိုလည်း မမှတ်မိတော့ဘူး
အရင်ကလို
သီချင်းတွေဆိုတိုင်း အသံမထွက်တော့သလို
Meditation လုပ်ချိန်တိုင်း စိတ်တွေရွေ့လျားမနေတော့ဘူး
အရင်ကလို ....
.....................
Rachel Tin
15 Oct 2011
01:36 AM