၂ ရက် တစ်ည
"မနိုးခြင်းဆိုတာ အိပ်ပျော်ပြီးမှ ရနိုင်တာမို့
အိပ်ပျော်ခွင့်ပြုပါ"
တယော ဘိုးတံနဲ့ ထင်းရှူးဆီခဲနဲ့ ထိတဲ့အသံကို ကြားလိုက်ပါတယ်
သေခြင်းနဲ့ ရှင်ခြင်းဟာ ကျောချင်းကပ်နေတာမို့
ကျောဘက်ကို မျက်နှာမူနေပြန်ပြီဆိုတာ သိလိုက်ရတယ်
ဘယ်ဘက်ရင်အုံအလယ်တဲ့တဲ့က စူးလို့ စူးလို့ အောင့်နေတယ်
အသက်ရှူတယ်ဆိုတာ သိပ်လွယ်တဲ့ကိစ္စလို့ထင်ထားခဲ့ပေမယ့်
ဒီ ၂ ရက်အတွင်းမှာ (ဆိုက်ခီ)Psyche ကို (ဗီးနပ်စ်)Aphrodite က ရေအောက်ငုပ်ပြီးရတနာကြုပ်ရှာခိုင်းတာမျိုး၊
တော်တော်ကြိုးစားလိုက်ရတယ်..
ငါမနိုးတော့ရင် သိပ်ကောင်းမယ်
ခက်တာက
အိပ်လို့မပျော်ဘူးကွယ်
ခွေးတွေဟောင်နေတာက ဒီည တစ်မျိုးကြီးပဲ
တောငှက်သံတွေကလည်း စူးနေတဲ့ ရင်အုံကို ထုတ်ချင်းပေါက်အောင် ဖောက်နေပြန်တယ်
ဟိုးဘက် Cyberhall ဆီက အလင်းရောင် မှိန်ပျပျ
နောက်ပြီး ဆောက်လုပ်ရေးတဲစုလေးတွေဆီက
ကွဲရှရှ ဟော်လိုဂစ်တာသံသဲ့သဲ့လေးက
သူတို့လည်း အိပ်မပျော်ဟန်တူရဲ့လေ
ဘာတဲ့ .. မျိုးကြီးရဲ့ လက်ခံပေးပါ တဲ့
လက်ခံပေးပါတယ် ဒီနာကျင်မှုကို
နာတာကို နာတယ်လို့ပဲမြင်တတ်ဖို့
ဆက်ပြီး ခံစားသုံးသပ်မနေဖို့
ဒိဋ္ဌေဒိဋ္ဌမတ္တံသဘောကိုလည်း သိပါရဲ့
ဒါပေမယ့် အောင့်ပြီး စူးပြီး နာပြီးနေတာက ခက်တာပဲ
ခန်းဆီးစဖြူဖြူလေး တစ်ချက်လွင့်သွားတယ်
ဟိုဘက် ကျွန်းအုပ်ကြီးဘက်က မျောလာတဲ့လေ
လေကြောင့်ပဲလွင့်လွင့်
အကြောင်းမရှိဘဲနဲ့ လွင့်လွင့်
ခန်းဆီးစလေးကတော့ လွင့်နေတာပဲ
ဒါ ပုံမှန်မဟုတ်ဘူး
ငါ့နှလုံးခုန်သံလိုပဲ ဒါပုံမှန်မဟုတ်ဘူး
ငါမောလာတယ်
အသက်ကို ကြိုးစားရှူတယ်
ရှူသွင်း ရှူထုတ်မှာ စူးစူးပြီးအောင့်လာပြန်တယ်
ညာဘက်ကို စောင်းတယ်
နာတယ်
ဘယ်ဘက်ကို စောင်းတယ်
ပိုပြီး နာတယ်
နံရံမှာ ကပ်ထားတဲ့ Evanescence အသက်ဝင်လာပြီး
ငါ့ကို စိုက်ကြည့်နေတယ်
ခက်ပြီ ခက်ပြီ
ဘယ်လိုလုပ်ရပါ့
အိပ်မပျော်ဘူးကွယ်
ခါတိုင်းလို စောင်းသံညင်းညင်းလေးတွေနားထောင်ရင်များ သက်သာလေမလား
ထူးမခြားနား၊ အမင်းမင်းခ ယ၊ ဘုန်းမိုးသွန်းလောင်း၊ ပြည်ပြည်မင်းပေါင်း၊ မှိုင်းမှိုင်းမြ ...
စုမိ ဆောင်းမိ ပတ်ပျိုးလေးများ
စူးချက်က ပြင်းလေတော့ ပတ်ပျိုးနဲ့ မရဘူးကွယ်
ဒီတစ်ခါ a cappella နဲ့ စမ်းကြည့်မယ်
နာမ်စားများသုံးခြင်းသည်းခံပါဆိုတဲ့ Artist ကြီးတစ်ယောက်ပေးဖူးတဲ့
B jork ရဲ့ Medulla
ဒါပေမယ့် ငါက ချူချာနေတော့ ခက်သားလေ
ဒီလိုနဲ့ ၂ ရက်နဲ့ တစ်ညရှိပြီ
သက်သာပါတော့ကွယ်
နာကျင်ရတာ ပင်ပန်းလှသလို
လူတွေကို နားလည်ပေးရတာလည်း ပင်ပန်းလှပါတယ်
နေပါစေလေ ..
သေချာတာကတော့
သေခြင်းနဲ့ ရှင်ခြင်းဟာ ကျောချင်းကပ်နေတာမို့
ကျောဘက်ကို မျက်နှာမူနေပြန်ပြီဆိုတာ သိလိုက်ရတယ်
မနိုးခြင်းဆိုတာ အိပ်ပျော်ပြီးမှ ရနိုင်တာမို့
အိပ်ပျော်ခွင့်ပြုပါ
ကဲ .. အိပ်ဖို့ကြိုးစားလိုက်ဦးမယ်
ရှူဆေးဘူး ပန်းရောင်ရင့်ရင့်လေးကို အဖော်ပြုရင်း
နာကျင်နေဆဲ ရင်အုံကို ဖိနှိပ်ရင်း .....
အိပ်ပျော်ဖို့ကြိုးစားရင်း .....
Rachel Tin
28 July 2011
02:54 AM