စုံမြိုင်စိမ့်စမ်း၊ ဂနိုင်လမ်းဝယ်
မှန်းမျှော်မဆုံး၊ သုံးသပ်ရှုသော်
နုနုမြက်စိမ်း၊ မြရည်လိမ်းခြယ်
ယိမ်းဘယ်ညာနှင့်
သာပါဘိတောင်း၊ သာဘိတောင်း။
တို့တအုံ
သွင်သွင်ရစ်လီ၊ မြစ်နဒီလည်း
စိန်စီသလင်း၊ ဖန်အဆင်းသို့
ရှင်းစွပီပီ၊ အေးမြကြည်သည်
သာလှပါဘိ၊ သာပါဘိ။
တို့တအုံ
ဆောင်းမှ မိုး နွေ၊ ပြောင်းကြပေလိမ့်
အေးစိမ့်ကြည်လင်၊ ရာသီခွင်ကား
ဒီတွင်မဲဇာ၊ ယှဉ်တုပါဟု
ဥတုစက်ခွေ၊ နွေဆိုစေပြန်
နေပြောက်မမှန်၊ မြူခိုးထန်သည်
သာပြန်လေခြင်း၊ သာလေခြင်း။
တို့တအုံ
ချမ်းစွဌာနီ၊ ဒီရာသီဝယ်
ဇာခြည်လွှာချပ်၊ ပ၀ါထပ်သို့
ဟပ်ထင်ရောင်ပြန်၊ ကျိန်းစပ်ဖန်လည်း
ဟန်ပြင်မစဲ။ တဖွဲဖွဲဖြင့်
ပုလဲမိုးငွေ၊ နှင်းမိုးစွေသည်
နှင်းစက် နှင်းမိုး နှင်းရေချိုးသည်
စာချိုးမမီ၊ သာလှသည်။
တို့တအုံ
ရှုလေရာရာ၊ စခန်းသာဝယ်
ပန်းမှာချယ်ရီ၊ တန်းသွယ်စီယှက်
ပွင့်ဝှက်ငုံခက်၊ နုပန်းလက်မှာ
စက်စက်ဖုဖု၊ ပုလဲဥသို့
နှင်းနုနှင်းဖွေး၊ ဆင်းကာပြေးသည်
သာခင်းသာစွ၊ သာလေစွ။
တို့တအုံ
လျှောစောက်မြင့်မောက်၊ ဆင့်ထက်အောက်ဝယ်
ကျောက်လှေခါးထစ်၊ ခွေရစ်တက်ကာ
ခက်ဖြာပင်စည်၊ ရင်းဖျားညီသည့်
စီရီစိမ်းလန်း၊ ထင်းရှူးတန်းလည်း
မောရှမ်းပြည်လား၊ ထင်မှတ်မှားသည်
သာလှပါလား၊ သာပါလား။
ဤသို့ဤနှယ် သာမျိုးကြွယ်သည့်
စွယ်စုံစုပြုံ၊ တို့တအုံဝယ်
ယုံဖို့မလွယ်၊ ကျောင်းတော်ကျယ်ကြီး
တကယ်တည်ပြီးခဲ့ပါပြီ။
အင်ဂျင်သံဆူ၊ မီးခိုးထူသည့်
လူသူပြည့်ကျပ်၊ မြို့ပြရပ်တွင်
ညပ်၍မနေ မွန်းမသေအောင်
တို့များတတွေ၊ ဝေလေလေကို
စေတနာမိုး၊ ကုဋေကုဋာတိုးခဲ့
မြူခိုးဝေေ၀၊ တအုံမြေ၀ယ်
စက်ခုနြေ္ဒ၊ ဆိတ်ငြိမ်နေအောင်
မြားမြောင်ပညာ၊ ဆည်းပူးပါဟု
အထူးတလည်၊ ကျောင်းကြီးတည်သည်
တုန်ဟီးကမ္ဘာတိုင်စေသတည်း။
ကျောင်းတော်တည်ဆောက်၊ လူသူရောက်ကာ
နောက်များမကြာ၊ စည်ကားလာပြီး
ကာရံမတည့်၊ မြို့တော်ဖွဲ့သည်ရှိသော် ...
အင်ဂျင်သံဆူ၊ မီးခိုးထူသည့်
လူသူပြည့်ကျပ်၊ မြို့ပြရပ်တွင်
ညပ်၍မနေ မွန်းမသေအောင်
တို့များတတွေ၊ ဝေလေလေတို့ ..
"သည့်ထက်တောခေါင်၊ ချောင်ဂလောင်သို့
နောင်ဝယ်ရွှေ့ပြောင်းကြပါစို့"
NOOK? ဆိုတဲ့ ကလောင်နဲ့ UCSM 2006 စာသင်နှစ်က ရေးခဲ့တာပါ ...
အိမ်ပြန်ရင်း စာအုပ်အဟောင်းပုံထဲမှာ တွေ့လို့
အမှတ်တရအနေနဲ့ ပြန် Share ပေးလိုက်ပါတယ်
Rachel Tin