ဂီတ၏ ကျိန်စာ



လေးချောင်းတိတိသော လက်ချောင်းတို့သည် လေးချောင်းတိတိသော ကြိုးညီနောင်တို့ပေါ်
စည်းချက်ညီညီ လူးလွန့်ကခုန်နေကြ၏
ဦးခေါင်းတစ်ခုလုံးဖုံးအုပ်ထားသော အဖြူရောင်ဝတ်ရုံရှင် မျက်နှာမဲ့သော မျက်နှာတစ်ခုက ခပ်အိုအို တယောငယ်ပေါ်မေးတင်ထားရင်း မကြာမကြာ စည်းဝါးလိုက်ဟန်ပြ၏။
ဝတ်ရုံကားရှည်လျားလှသည်။
သူသည် ဂီတကို သောက်သုံးနေ၏။
သူသည် ဂီတကို ချုပ်နှောင်သလို ဂီတမှလည်း ရုန်းထွက်နေ၏။
သူသည် ဂီတကို လွန်မင်းစွာမုန်းတီးသလို လွန်မင်းစွာလည်း ချစ်ခင်နေပြန်၏။
သူသည် ဂီတနှင့် တသားတည်းဖြစ်၏။
သူမသိသည်မှာ သူကိုယ်တိုင်သည် ဂီတဖြစ်၏။
သူကိုယ်တိုင် ဂီတဖြစ်နေခြင်းကို သူမသိချေ။
သူ၏ တေးသွားသည် ဆန်းကျယ်လှသည်။
သူ၏ တေးသွားသည် နတ်မိမယ်၏ တောင်ပံခတ်သံတို့နှင့် ယက်လုပ်၏
သူ၏ တေးသွားသည် နတ်မိမယ်၏ လျှို့ဝှက်သော ရနံ့တစ်မျိုး ကပ်ငြိနေ၏
သူ၏ တေးသွားသည် ကြောက်မက်တုန်လှုပ်ဖွယ် သာယာငြိမ့်ညောင်းလှ၏။
သူ၏ တေးသွားသည် ကောင်းကင်ဘုံ၏ တံခါးဝဖြစ်သလို အိုဆီးရစ်၏ ရင်ခွင်တော်လည်းဖြစ်တော့သည်။

သူ မသိသည်မှာ သူကိုယ်တိုင်ဂီတဖြစ်နေခြင်းနှင့်
သူသိသည်မှာ သူ၏ တေးသွားအဓိပ္ပါယ်ဖြစ်၏
တေးသွားအဓိပ္ပါယ်ကား မှော်ဝင်ကျိန်စာတို့စီးဝင်နေသော သမုဒ္ဒရာကြီးနှင့် တူတော့၏
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
ဂီတသည်ကား သိမှုဖြစ်သလို မသိမှုလည်း ဖြစ်၏
ဂီတသည်ကား နေတစ်စင်းဖြစ်သလို လတစ်စင်းလည်း ဖြစ်၏
ဂီတသည်ကား အစမရှိသောမြေပြင်ကြီးဖြစ်သလို အဆုံးမရှိသော ရေပြင်ကြီးလည်းဖြစ်၏
ဂီတသည်ကား အတိတ်ဖြစ်သလို အနာဂတ်လည်းဖြစ်၏
ဂီတသည်ကား အလျှံညီးညီးလောင်ကျွမ်းနေသော မီးညွန့်ကြီးဖြစ်သလို တိဗက်မိုးပွင့်မုန်တိုင်းလည်းဖြစ်၏
ဂီတသည်ကား ကျိန်စာဖြစ်သလို ကောင်းချီးဖရဏာလည်း ဖြစ်၏
ဂီတသည်ကား မှော်ဝင်မြွေဆိုး၏ မျက်လုံးများဖြစ်သလို တောယုန်ဖြူ၏ မျက်လုံးများလည်းဖြစ်၏

ဂီတကြောင့် ငါ့သွေးတို့ ပွက်ပွက်ဆူ၏
ဂီတကြောင့် ငါ့သွေးတို့ အေးခဲရ၏
ဂီတသည်ကား ရှင်သန်ခြင်းလည်းဖြစ်သလို သေဆုံးခြင်းလည်းဖြစ်တော့၏
ငါ့ခန္ဓာပျက်သုံး၍ ငါ့သွေးတို့ရပ်တန့်သော်
အနီရောင်ရနံ့ သွေးခြောက်တို့မှ တဖန်နိုးထလာမည့်
ငါ့ဝိဥာဉ်အသက်ဝင်ကာ ဂီတ၏ ဖမ်းစားရစ်ပတ်ခြင်းကို မကျွတ်တမ်းခံရစေသတည်း
ဤကား ဂီတ၏ ကျိန်စာတည်း
...............................................................
တေးသွားသည်မပြီးသေး
သို့သော် ..
ဦးခေါင်းတစ်ခုလုံးဖုံးအုပ်ထားသော အမည်မသိမျက်နှာအတွင်းပိုင်းမှ သွေးစက်တို့ စီးဆင်းကာ တယောအိုပေါ်သို့ တပေါက်ပေါက် ကျကုန်၏
လေးချောင်းတိတိသော ကြိုးညီနောင်တို့ပေါ်မှ သွယ်ပျောင်းသော လက်တို့ ပြေလျော့ကျကုန်၏
တယောအိုငယ် ကြိုးပြတ်ချေပြီ ......


Rachel Tin
07 Jan 2012
07:21 PM