မှော်ဝင်နေတဲ့ လမိုက်ည
ရွှေဇာသတ် ဆည်းဆာတစ်ခုရဲ့ သွေးစိမ်းရွှင်ရွှင်တို့ တိတ်သွားခဲ့ပြီ
ပုပ်အဲ့အဲ့ အညိုရောင် .. အနားသတ်တွေ မညီဘူး
တိမ်တိုက်တွေ ရွေ့လျားနေတယ် .. လရောင်မရှိဘူး
သစ်ရွက်တွေ လှုပ်ရှားနေတယ် .. လေမရှိဘူး
မဲနက်နက်အမှောင် .. ထာဝရအိပ်စက်ခြင်း မရှိဘူး
အလင်းမရှိပေမယ့် ခမ်းနားမှုတွေရှိတယ်
ကြယ်တွေ မစုံပေမယ့် တောက်ပမှုတွေရှိတယ်
ဟိုး အဝေးက မီးခိုးတန်းမျှင်မျှင်လေးတစ်ခု
မီးမရှိပေမယ့် လှုပ်ရှားလို့နေတယ်
ထင်းမရှိပေမယ့် လောင်မြိုက်လို့နေတယ်
ခြုံကွယ်တစ်ခုမှာ
ယုန်ငယ်တစ်ကောင်ကျော့ကွင်း မိခဲ့ပြီ
မပီမပြင် ညည်းတွားသံ၊ ရုန်းကန်သံ၊ ပွတ်တိုက်သံ
တောအုပ်ကြီးတစ်ခုရဲ့ လျှို့ဝှက်နက်နဲတဲ့ အပြုံး
မဆုံးတဲ့ မာယာ
စိန်ခေါ်သံမဟုတ်ဘဲ အသံတိတ် ဆုတောင်းသံတစ်ခု
ရှည်လျားတဲ့ ၀တ်ရုံမဲတစ်ခု
နီမြန်းတဲ့ သွေးစီးကြောင်းတစ်ခု
(ရှေ့နားမှာ ဖော်ပြခဲ့တဲ့)
မီးမရှိသော၊ လောင်မြိုက်ခြင်းမရှိသော မီးခိုးတန်းတစ်ခု
ခေတ်လွန် အက္ခရာများနဲ့ စုစည်းထားတဲ့
ခပ်ဆွေးဆွေး စာအုပ်ထူကြီးတစ်အုပ်
ကျိန်စာတွေလား
ဗျာဒိတ်တွေလား
မှော်အတတ်တွေလား
ဦးခေါင်းအထက်နားဆီက ခြောက်ခြားဖွယ် အသံတစ်ခု
ခြောက်ကပ်ကပ်၊ ကွဲအက်အက်၊ စူးရှရှ
ပုံပန်းကတော့ မလှပါဘူး
ခက်ထရော်ကြမ်းတမ်းလှတဲ့
အမဲရောင် ငှက်ဆိုးတစ်ကောင်
သည်အမှောင် သည်တောအုပ်ကြီးမှာ
သက်ရှိလူသားနဲ့တူတဲ့အရာ တစ်ခုမှမရှိ
ဟိုး အုတ်ဂူဟောင်းတစ်ခု ထိပ်နားမှာ ရစ်ပတ်နေတဲ့
ပေညစ်ညစ် မြွေဟောက်တစ်ကောင်
ကြောင်တောင်တောင် မျက်လုံးတွေက အဆိပ်မီးတွေလား
ကျိန်စာတွေလား
ဗျာဒိတ်တွေလား
ခန္ဓာကိုယ်တစ်ခုက ထိုင်နေရင်း ယိမ်းယိုင်လို့လာတယ်
ယိမ်းယိုင်ရာကနေ သွက်သွက်ခါလာတယ်
သွက်သွက်ခါရာကနေ တဆတ်ဆတ်တုန်လာတယ်
တဆတ်ဆတ်တုန်လာရာကနေ လူခေါင်းခွံတစ်ခုပေါ်သို့
ပျော့ခွေစွာ လဲကျလို့သွားတော့တယ် ...
မှော်ဝင်နေတဲ့ည
ကျိန်စာသင့် လ မိုက်ည
"လူခေါင်းခွံတစ်ခုနဲ့ ရိုက်မိထားတဲ့ဒဏ်က ခုထိ မူးဝေနေတုန်းပါပဲ"
(မနေ့ညက အိပ်မက်ပါ :-)
Rachel Tin
24 Oct 2011
07:32 PM